စိန့်မာတင်၊ ရှင်မဖြူ နဲ့ အင်္ဂလိပ်-မြန်မာ ပထမစစ်
စိန့်မာတင်ကျွန်း
ခု ဘင်္ဂလားဒေ့ရှ်ကို ပေးလိုက်ရတယ်လို့ ပြောနေကြတဲ့ စိန့်မာတင်ကျွန်း အကြောင်း နည်းနည်းပြောချင်ပါတယ်။
St. Martin's Island (စိန့်မာတင်ကျွန်း)က ဒေသခံ အခေါ် ဘင်္ဂလီလို "Nirical Gingira"၊ မြန်မာလို "အုန်းကျွန်း" လို့ အဓိပ္ပာယ် ရတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကို ခြားထားတဲ့ နယ်ခြားမြစ် နတ်မြစ်ဝ (Naf River)ပေါ်မှာရှိပြီး မြန်မာနိုင်ငံ အနောက်မြောက်ကမ်းရိုးတန်းမှ အနောက်ဘက် (၈) ကီလိုမီတာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ-တက်ခ်နတ် ကျွန်းဆွယ်မှ (Cox's Bazar-Teknaf Peninsular) တောင်ဘက် (၉) ကီလိုမီတာ အကွာအဝေးမှာ ရှိတယ်။ အရင် ဗြိတိသျှ-အန္ဒိယ၊ အန္ဒိယ၊ အရှေ့ပါကစ္စတန်၊ ခု ဘင်္ဂလားဒေ့ရှ် အဆက်ဆက် မြန်မာမပိုင်ခဲ့ပါ။ ဗြိတိသျှ-အန္ဒိယ ခေတ်မတိုင်မီ၊ မြန်မာက ရခိုင်ကို မသိမ်းခင် ရခိုင်ဘုရင်တွေ ပိုင်ခဲ့တဲ့ အချိန်တွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အဓိကထား ဆိုလိုချင်တာက ခုလတ်တလော ကုလခုံရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ကို ပေးလိုက်ရတာ မဟုတ်ဘူး ဆိုတာကိုပါ။
မိတ်ဆွေများ ပြောနေတဲ့ စိန့်မာတင်ကျွန်း နဲ့ ရှင်မဖြူကျွန်း အတူတူပဲ ဆိုတာ (ကျနော့်တစ်ဦးတည်း သဘောထားအမြင်အရ) လက်မခံပါ။
စိန့်မာတင် Google Image |
ရှင်မဖြူကျွန်း
ရှင်မဖြူကျွန်းက အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့ခေါ်တယ်။ နတ်မြစ်ဝပေါ်မှာပဲ ရှိတယ်။ (ကျနော့်တစ်ဦးတည်း အယူအဆအရ) စိန့်မာတင်ကျွန်းထက် သေးရမယ်၊ မြန်မာပြည်နဲ့ ပိုနီးပြီး ခုအချိန်မှာ မြန်မာပိုင်တယ်။
ဒါက ကျနော့်ကိုယ်ပိုင် ဗဟုသုတအပေါ် အခြေခံတဲ့ တစ်ဦးတည်း အမြင်နဲ့ ကောက်ချက်ဆွဲတာပါ။
ကောင်းပြီ..။ အဲ့ဒီကောက်ချက် မှားရင်ကော..။ ကောက်ချက်မှားလို့ ရှင်မဖြူကျွန်းနဲ့ စိန့်မာတင်ကျွန်း အတူတူပဲ ဆိုလည်း ပြောစရာ ရှိပါတယ်။
ဘာလို့လဲဆိုတော့ ရှင်မဖြူကျွန်းက (ဗြိတိသျှ-အန္ဒိယ/ ဗြိတိသျှ-ဘားမားခေတ်မတိုင်မီ ခေတ်တွေမပါ) မြန်မာပိုင်ခဲ့တယ်လို့ ယူဆလို့ မရပါ။ ဒီအကြောင်း ရှင်းရာမှာ အင်္ဂလိပ်-မြန်မာ (အင်ဂလို-ဘားမား ) ပထမစစ် ဖြစ်ရတဲ့ နောက်ခံကို ရှင်းရပါ့မယ်။
အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄-၁၈၂၆)
(စစ်အစိုးရ အဆက်ဆက်) ကျောင်းသင်ရိုးညွှန်တမ်းတွေမှာ ရှင်မဖြူကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားရာမှ စစ်စတင်ဖြစ်တယ်လို့ ဆိုလေ့ရှိပေမဲ့ အဲ့ဒီအကြောင်းက စစ်ကိုဖြစ်စေတဲ့ မီးစတစ်စ လို့ပဲ ပြောနိုင်ပြီး နောက်ကွယ်မှာ စစ်ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။
အင်္ဂလိပ်က အန္ဒိယကို (၁၇)ရာစုကတည်းက အရှေ့အိန္ဒိယကုမ္မဏီ အနေနဲ့ ဝင်တယ်။ (၁၈)ရာစု အလယ်လောက်ရောက်တော့ အိန္ဒိယတစ်တိုက်လုံးနီးပါး ကုမ္မဏီက တဆင့် အုပ်ချုပ်နေပြီလို့ ဆိုလို့ရတယ်။ တကယ် ဗြိတိသျှ-အန္ဒိယ နာမည်နဲ့ အုပ်ချုပ်တာကတော့ (၁၉)ရာစုအလယ်လောက်မှာ ဖြစ်တယ်။
အဲ့သလိုနောက်ခံအခြေအနေမှာ ကုန်းဘောင်မင်းဆက်ရဲ့ သတ္တမမြောက် မင်းဆက် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် (၁၈၁၉-၁၈၃၇) ၁၈၂၂ မှာ မြန်မာက အာသံနဲ့ မဏိပူရ (Assam & Manipur) ကို သိမ်းလိုက်တယ်။ သိမ်းရတဲ့အကြောင်းကတော့ ဘကြီးတော်ရဲ့ ဘိသိက်မင်္ဂလာပွဲကို မဏိပူစော်ဘွား မတက်တာကို အကြောင်းပြုပြီး မထီမဲ့မြင်ပြုတယ်လို့ ယူဆကာ နောင်မှာ နောင်ကျင်သွားစေဖို့အတွက် ရည်ရွယ်တယ်။ အဲ့သလို သိမ်းလိုက်တဲ့ အတွက် (အင်အားကြီးတဲ့) အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အိန္ဒိယနဲ့ နယ်နိမိတ် ထိစပ်မှုက ပိုများလာတယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့ အကျိုးစီးပွားဖြစ်နေတဲ့ ဗြိတိသျှ-အိန္ဒိယ နယ်ပယ်တွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ ယူဆပြီး မြန်မာတပ်တွေကို ပြန်လည် တော်လှန်နေတဲ့ အာသံနဲ့ မဏိပူရ၊ ရခိုင် (ရခိုင် (Arakan) က ၁၇၈၄ ကတည်းက ကုန်းဘောင် မင်းဆက်အောက် ရောက်ပြီးဖြစ်) တော်လှန်ရေးတပ်သား (မြန်မာတွေ အခေါ် သူပုန်) တွေကို လက်နက်၊ ရိက္ခာ ထောက်ပံပေးတယ်။
မဏိပူကို မြန်မာဝင်လာတော့ နယ်ချင်းဆက်နေတဲ့ ကချာစော်ဘွားကပါ သူ့နယ်ကိုဆက်သိမ်းမှာ ကြောက်ပြီး အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အိန္ဒိယဘက်ကို ဝင်ပြီးခိုလှံုတယ်။ အင်္ဂလိပ်ကလည်း ကချာနယ် (Cachar) အပြင် အခြားနယ်ချင်းဆက်နေတဲ့ ဂျိန်းတိယ (Jaintia) နယ်တွေကို သူ့ရဲ့ ကိုလိုနီအဖြစ် ကြေညာပြီး ဗြိတိသျှ-အိန္ဒိယထဲကို ထည့်တယ်။ အဲ့နယ်တွေ ကာကွယ်ဖို့အတွက်ဆိုပြီး စစ်တပ်လွှတ်တယ်။
အင်းဝနေပြည်တော် (ဘကြီးတော်က အမရပူရ ကနေ အင်းဝကို ၁၈၂၃ မှာ ပြန်ပြောင်းပြီး နန်းစိုက်ပြီ) ဘက်က အဓိကကျတဲ့ (ဩဇာရှိတဲ့) ပုဂ္ဂိုလ်များ ဖြစ်တဲ့ ဘကြီးတော်၊ မဟာဗန္ဒုလ၊ နန်းမတော်မယ်နု နဲ့ သူ့မောင် စလင်းမြို့စား မောင်အို စသူတို့ရဲ့ (အထူးသဖြင့် စစ်သူကြီး ဖြစ်တဲ့ မဟာဗန္ဒုလ) မျှော်မှန်းယူဆချက်ကလည်း အင်းဝအာဏာစက်ကို အာသံနဲ့ မဏိပူရတင်မက အင်္ဂလိပ်အုပ်ချုပ်နေတဲ့ အရှေ့ဘင်ဂေါ ထိပါ သက်ရောက်စေနိုင်တဲ့ အင်အား မိမိတို့မှာ ရှိတယ်လို့ ယူဆတယ်။
စိန့်မာတင် Google Image |
စိန့်မာတင် Google Image |
စိန့်မာတင် Google Image |
နယ်စပ်မှ ပြဿနာများ
အထက်ကတင်ပြသလို ရခိုင်၊ အာသံနဲ့ မဏိပူရ တို့က မြန်မာအုပ်ချုပ်မှုအောက်ရောက်နေတော့ အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယ နဲ့ နယ်စပ်ထိစပ်နေပြီ ဖြစ်တဲ့အတွက် မဖြစ်မနေ ရင်ဆိုင်လာရတာက နယ်မြေချင်းထိစပ်တဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်ခြားမျဉ်းကိစ္စ၊ ဟိုဘက်ဒီဘက် ကျူးကျော်ဝင်ရောက်မှု စတဲ့ ပြဿနာတွေဖြစ်တယ်။ အဲ့သလို ဖြစ်စဉ်တစ်ခုမှာ အရှေ့အန္ဒိယကုမ္မဏီက ဆင်ဖမ်းသမားတွေ မြန်မာ့ပိုင်နက်ထဲ ဝင်လာလို့ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲ့ဒါကို အကြောင်းပြုပြီး နှစ်ဘက်တင်းမာ နေတဲ့ အချိန် ၁၈၂၃ စက်တင်ဘာ မှာ မြန်မာက အင်္ဂလိပ်စစ်တပ်ငယ်တစ်ခု တပ်စွဲထားတဲ့ ရှင်မဖြူကျွန်းကို တက်သိမ်းတယ်။ အဲ့သလို တက်သိမ်းတော့ အင်္ဂလိပ်က ရှင်မဖြူကျွန်းကနေ မြန်မာတပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ နောင် နယ်စပ်ပဋိပက္ခ မဖြစ်အောင် နယ်စပ်မျဉ်း အတိအကျ ဆွဲဖို့ဆိုပြီး ကိုယ်စားလှယ်နှစ်ယောက် လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ ကိုယ်စားလှယ် နှစ်ယောက်ကိုပါ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲသလိုနဲ့ နှစ်ဘက် နယ်စပ်ပဋိပက္ခတွေက ပိုကြီးထွားလာတယ်။
၁၈၂၄ နှစ်ဆန်းမှာပဲ အင်းဝနေပြည်တော်က စစ်သူကြီး သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို အင်္ဂလိပ် အုပ်ချုပ်နေပြီဖြစ်တဲ့ ကချာနယ်၊ ဂျိန်းတိယနယ်ထဲ အထိလိုက်ပြီး ရခိုင်၊ အာသံနဲ့ မဏိပူ တော်လှန်ရေးတပ် (သူပုန်တပ်) တွေကို နှိမ်နင်းဖို့ လွှတ်လိုက်တယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့ တပ်တွေကို မြန်မာတပ်နဲ့ ရင်ဆိုင်ဖို့ လွှတ်တော့ ကချာနယ်မှာ ရင်ဆိုင်တိုက်ပွဲတွေ စဖြစ်တယ်။ အဲ့သလိုနဲ့ နယ်စပ် ပြဿနာကို အကြောင်းပြုပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ကို ၁၈၂၄ မတ်လ၊ ၅ ရက်နေ့မှာ တရားဝင် စဖြစ်တယ်။
အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့ အကြောင်းများ
(ဒီနေရာမှာ သတိပြုစေချင်တာက မြန်မာဘုရင်က အထက်မှာ တင်ပြသလို အင်္ဂလိပ်အုပ်ချုပ်တဲ့ ဒေသတွေနဲ့ နယ်စပ်ချင်းထိတဲ့ အထိ နယ်မချဲ့ဘဲနေလည်း အင်အားကြီးမားနေပြီဖြစ်တဲ့ အင်္ဂလိပ်က (အဲ့အချိန်မှာ အင်္ဂလိပ်က ကမ္ဘာမှာ နပိုလီယံရဲ့ ပြင်သစ်အင်ပါယာကိုလည်း နိုင်ပြီးဖြစ်) တဖြည်းဖြည်းနဲ့ နယ်စပ်က နိုင်ငံငယ်လေးတွေကို သိမ်းပြီး တစ်ချိန်ချိန်မှာ မြန်မာပြည်ကိုလည်း သိမ်းမှာဖြစ်တယ်။)
အင်္ဂလိပ်ဘက် က စစ်တိုက်ချင်တဲ့ အဓိက အကြောင်းတွေကတော့
(၁) ကုန်ကြမ်းရှာလို့ရတဲ့၊ ကုန်ချောပြန်ရောင်းလို့ရတဲ့ ဈေးကွက် လိုချင်မှု၊
(၂) ပထဝီနိုင်ငံရေး၊
(၃) မိမိရဲ့ အကျိုးစီးပွား နဲ့ အကျိုးစီးပွားဖြစ်နေတဲ့ နယ်ပယ်ကို ကာကွယ်လိုမှု၊
(၄) အင်ဂလို-ဖရန်းစစ် အားပြိုင်မှု၊
(အဲ့အချိန်မှာ ပြင်သစ်ကလည်း မြန်မာမင်းတွေနဲ့ အဆက်အဆံရှိနေပြီ ဖြစ်တယ်။ အထူသဖြင့် ပြင်သစ်သင်္ဘောတွေ မြန်မာ့ပင်လယ်ဆိပ်ကမ်းတွေမှာ အသုံးချခွင့်ရသွားမှာ စိုးရိမ်တယ်။)
(၅) လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ
မြန်မာဘုရင်ဘက်မှ စစ်တိုက်ဖြစ်စေတဲ့ အကြောင်းများ
(၁) အင်းဝနေပြည်တော် အင်ပါယာကို အနောက်ဘက်မှာ ဆက်လက်ချဲ့ထွင်လိုမှု၊
(၂) နိုင်ငံငယ်လေးတွေကို အစဉ်အဆက် နိုင်နေကျ ဖြစ်တဲ့အတွက် အခြားမည့်သည့် နိုင်ငံနှင့်မဆို မိမိအလိုကျ ဆက်ဆံနိုင်ဟု ယူဆမှု၊
(၃) ဘကြီးတော် လက်ထက် အာဏာထက်နေတဲ့ ပုဂ္ဂိုလ်များရဲ့ မိမိအင်အားကို အထင်ကြီးမှု၊
(၄) နိုင်ငံတကာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိတော့ အင်္ဂလိပ်ရဲ့ အင်အားကို မှန်မှန်ကန်ကန် မသုံးသပ်တတ်မှု၊
(၅) ပထီဝီနိုင်ငံရေးကို မသိမှု၊
(၆) လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ၊
စစ်ပွဲစတင်ဖြစ်စ နှစ်ဘက် အနိုင်၊ အရှံုး အခြေအနေ
ရခိုင်၊ အာသံနဲ့ မဏိပူနယ်စပ်တွေမှာ စစ်စတင်ဖြစ်တော့ မြန်မာက အဲ့ဒီဒေသတွေမှာ စစ်တိုက်နေတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာနေပြီဆိုတော့ (လက်နက် မယှဉ်နိုင်ပေမဲ့) ရေမြေကျွမ်းကျင်မှုကြောင့် တပန်းသာတယ်။ မဟာဗန္ဒုလက အင်္ဂလိပ်ကို တိုက်ရာမှာ စစ်မျက်နှာနှစ်ခု ဖွင့်ပြီးတော့ တိုက်ဖို့ ဆုံးဖြတ်တယ်။ ရခိုင်မှ တဆင့် ဘင်္ဂလားရဲ့ အရှေ့တောင်ပိုင်းဖြစ်တဲ့ စစ်တကောင်းကို သိမ်းမဲ့ ထိုးစစ်ရယ်၊ ကချာ၊ ဂျိန်းတိယနယ်တွေမှ တဆင့် ဘင်္ဂလားရဲ့ မြောက်ပိုင်းဖြစ်တဲ့ Sylhet ကို သိမ်းမဲ့ ထိုးစစ်ရယ် ဖြစ်တယ်။ မဟာဗန္ဒုလက ရခိုင်စစ်မျက်နှာကို သူကိုယ်တိုင် ဦးစီးပြီးတော့ ကချာ၊ ဂျိန်းတိယ စစ်မျက်နှာကိုတော့ သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို ဦးစီးစေတယ်။ သတိုးသီရိ မဟာဥဇနရဲ့ တပ်က စစ်တရားဝင် မဖြစ်ခင်ကတည်းက ကချာ၊ ဂျိန်းတိယနယ်မှာ အင်္ဂလိပ်တပ်ကို နိုင်ပြီး ဖြစ်တယ်။ အဲ့တော့ သူ့ကို Sylhet ထိ ဆက်သိမ်းစေတယ်။
မဟာဗန္ဒုလဦးစီးတဲ့ ရခိုင်စစ်မျက်နှာမှာ မြဝတီမင်းကြီး ဦးစက စစ်တရားဝင်စဖြစ်ပြီး လပိုင်းအတွင်းမှာပဲ သူ့တပ်ကို ကော့ဘဇား (Cox's Bazzar) အရှေ့ဘက် (၁၀) မိုင်အကွာအထိ သိမ်းနိုင်တယ်။ နောက်ပိုင်း မဟာဗန္ဒုလ တပ်ကိုစောင့်ပြီး တပ်နှစ်တပ်ပေါင်းကာ ကော့ဘဇားကို ဆက်သိမ်းတယ်။ စစ်တကောင်း (Chittagong) နဲ့ ကုမ္မဏီ ဌာနချုပ် ရှိတဲ့ ကာလကတ္တား (Calcutta) မှာ အင်္ဂလိပ်တွေက ကော့ဘဇားကျ သွားတဲ့ သတင်းကြောင့် တော်တော် ထိန်လန့် တုန်လှုပ်ကုန်ကြတယ်။ တကယ်လည်း အဲ့အချိန်မှာ ဗန္ဒုလ တပ်က ဆက်ချီတက်မယ်ဆိုရင် စစ်တကောင်းတင်မက ကာလကတ္တားကိုပါ သိမ်းနိုင်တဲ့ စစ်ရေး အသာရမှုမျိုး မြန်မာဘက်မှာ ရှိတယ်။ ဒါပေမဲ့ ဗန္ဒုလက ရန်သူ့နယ်ထဲ တအားဝင်သွားမှာကို မလိုလားတော့ မြဝတီမင်းကြီး တပ်ကို စစ်တကောင်းထိ ဆက်မချီတော့ဖို့ အမိန့်ပေးလိုက်တယ်။
စစ်ပွဲ အလယ်နှင့် အဆုံးသတ်
ဗန္ဒုလရဲ့ စစ်တကောင်းထိ တက်မသိမ်းဖို့ ဆုံးဖြတ်ချက်ဟာ တစ်ဘက်က အင်္ဂလိပ်တပ် ပြည်မကို ဝင်တော့ ကိုယ့်တပ်ကို အမြန် ပြန်ဆုတ်နိုင်ခဲ့တဲ့ အကျိုးရလဒ်ရခဲ့ပေမဲ့ အခြားတစ်ဘက်အနေနဲ့ နောက်ဆုံး စစ်ရှံုးလို့ အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဖို့ ဆွေးနွေးတော့ အရင်က စစ်တကောင်းကိုပါ သိမ်းပြီး ကာလကတ္တားကိုပါ ထိထိရောက်ရောက် တကယ် ခြိမ်းခြောက်နိုင်ခဲ့ရင် စာချုပ်အရ (စစ်ရှံုးလို့) အင်္ဂလိပ်ကို ပေးရမဲ့ ဒေသ စကားပြောရာမှာ မြန်မာဘက်က အသာစီးရနိုင်မယ်လို့လည်း တချို့ သမိုင်းပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။
စစ်ပွဲအစ ရခိုင် စစ်မျက်နှာမှာ အင်္ဂလိပ်က မြန်မာကို (လက်နက်သာပေမဲ့လည်း) ဒေသ မကျွမ်းကျင်မှု၊ ရာသီဥတု အခက်အခဲ စတဲ့ သဘာဝအတားအဆီးတွေကြောင့် ဘယ်လိုမှ မယှဉ်နိုင်ခဲ့တော့ အင်္ဂလိပ်က ဗျူဟာပြောင်းပြီး ရေလမ်းမှတဆင့် မြန်မာ ပြည်မကို ဝင်ခဲ့တယ်။ မြန်မာမှာ ခေတ်မှီတဲ့ စစ်ရေးအမြင် မရှိတော့ အင်္ဂလိပ်တွေ ရေလမ်းကနေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုမတွက်မိခဲ့ဘူး။ နောက်ဆုံး အင်္ဂလိပ်ရေတပ်က စစ်သင်္ဘောတွေ ရန်ကုန်ဆိပ်ကမ်းကို ဝင်လာတော့မှ အံ့ဩတကြီးနဲ့ ပြန်ခုခံခဲ့ရတယ်။ ဘကြီးတော်က ဗန္ဒုလကို ရခိုင်စစ်မျက်နှာက ပြန်ခေါ်ပြီး ရန်ကုန်ကို ခုခံစေတယ်။ ရခိုင်မှာ ဦးစ ကျန်ခဲ့ပြီး ရခိုင်စစ်မျက်နှာကို ထိန်းထားတယ်။
ရန်ကုန်တိုက်ပွဲ ၁၈၂၄ မေမှာ စဖြစ်ပြီး နှစ်ကုန်မှာ မြန်မာ ရှံုးလို့ ရန်ကုန်ကနေ ဆုတ်ပေးလိုက်ရတယ်။ ၁၈၂၅ နှစ်ဆန်းမှာပဲ နာမည်ကျော် ဓနုဖြူ တိုက်ပွဲဖြစ်တယ်။ မြန်မာဘက်က ဦးစီးတိုက်တဲ့ ဗန္ဒုလကျတယ်။ ဗန္ဒုလက သတ္တိပြောင်မြောက်တဲ့ စစ်ဗိုလ်ချုပ်ဖြစ်တော့ စစ်ပွဲရဲ့ အရှိန်အမြင့်ဆုံးဖြစ်နေတဲ့ အချိန်မှာ သူ့ရဲဘော်တွေ အားမငယ်အောင် သူကိုယ်တိုင် စစ်မြေပြင်တလျောက် လမ်းလျှေက်ပြီး အားပေးတယ်။ ဒါပေမဲ့ ထုံးတမ်းစဉ်လာ အဆောင်အယောင်ဖြစ်တဲ့ သွားလေရာ ရွှေထီးမိုးတာကို စစ်မြေပြင်မှာပါ ဆက်ကျင့်သုံးတော့ အင်္ဂလိပ်ဘက်က အလွက်တကူပဲ ဗန္ဒုလရှိတဲ့နေရာကို ခန့်မှန်းနိုင်ပြီး စက်အမြှောက်နဲ့ ပစ်တော့ ကျခဲ့ရရှာတယ်။
အင်္ဂလိပ်က ရန်ကုန်ကို ရပြီးတဲ့နောက် ရခိုင်စစ်မျက်နှာကို ပြန်ဖွင့်တယ်။ ဓနုဖြူမှာ ဗန္ဒုလကျတဲ့ ရက်တစ်ရက်တည်းမှာပဲ ရခိုင်မြို့တော် မြောက်ဦးကနေ မြဝတီမင်းကြီး ဦးစ ဦးစီးတဲ့ မြန်မာတပ် ဆုတ်ပေးလိုက်ရတယ်။ ပြည်မမှာ ဓနုဖြူတိုက်ပွဲပြီးတဲ့နောက် မြန်မာဘက်က ပြည်မှာ အပြင်းအထန် (၁၈၂၅ နှစ်ကုန်ပိုင်း) ခုခံခဲ့တယ်။ ပြည်က ဆုတ်ပေးလိုက်ရပြီးတဲ့နောက်တော့ ၁၈၂၆ နှစ်စမှာ ဘကြီးတော်က အင်္ဂလိပ်တပ် နေပြည်တော် အနီးကို ရောက်လာပြီ ဖြစ်တဲ့ အတွက် စစ်ပြေငြိမ်းဖို့ သဘောတူလိုက်ရတယ်။ ၁၈၂၆ ဖေဖော်ဝါရီ ၂၄ အင်းဝနေပြည်တော်နဲ့ (၄၅)မိုင်အကွာ ရန္တပိုမှာ ရခိုင်၊ တနင်္သာရီ၊ အာသံနှင့် မဏိပူရ အင်္ဂလိပ်ကို ပေးမယ်၊ ကချာနဲ့ဂျိန်းတိယကိုလည်း နောင်မှာ မနှောင့်ယှက်တော့ဘူး၊ စစ်လျော်ကြေးငွေ စတာလင်ပေါင် တစ်သန်းလည်းပေးမယ်၊ သံအဖွဲ့ အပြန်အလှန် ထားရှိမယ်၊ အင်္ဂလိပ်နဲ့ စီးပွားရေးစာချုပ်တွေလည်း ချုပ်မယ် စတဲ့ သဘောတူညီချက်တွေ ပါရှိတဲ့ ရန္တပိုစာချုပ်နဲ့ အင်္ဂလိပ် မြန်မာ ပထမစစ် အဆုံးသတ်ခဲ့တယ်။
နိဂုံး
အင်္ဂလိပ် မြန်မာ ပထမစစ် သမိုင်းနောက်ခံကို အတိုချုပ် တင်ပြပြီးသွားတော့ ကျနော် အဓိက ပြောချင်တဲ့ စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံက ခုမှ ပေးရတာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို နိဂုံးချုပ်အနေနဲ့ ဆက်လက် ဆွေးနွေးပါမယ်။
ကျနော် ပထမဦးဆုံး တင်ပြတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူက သပ်သပ်တစ်ကျွန်းစီ ဆိုတဲ့ အယူအဆ အရဆို စိန့်မာတင်ဟာ အစကတည်းက မြန်မာ မပိုင်ခဲ့ဘူး၊ တလျှောက်လုံးလည်း မြန်မာ ပိုင်မလာခဲ့ဘူး၊ ခုလည်း မပိုင်ဘူးဆိုတာ ထင်ရှားစေတယ်။ ရခိုင်ဘုရင်လက်ထက်က ပိုင်ခဲ့တာဆိုတာကို ကျနော့်အနေနဲ့ မငြင်းပါ။ ပဒေသရာဇ်ခေတ် တစ်လျှောက်လုံး နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အင်အားကြီးတဲ့ အချိန်တွေ မှာ အပြန်အလှန် သိမ်းပိုက်ခဲ့ဖူး၊ ဩဇာခံခိုင်းခဲ့ဖူးကြတာ အစဉ်အလာပါ။
မိတ်ဆွေတွေ ခုပြောနေတဲ့ စိန့်မာတင် နဲ့ ရှင်မဖြူ အတူတူပဲ ဆိုတာ မှန်တယ် ဆိုရင်လည်း အဲ့ဒီ ရှင်မဖြူဟာ အစက မြန်မာပိုင်ခဲ့တာ မဟုတ်ဘူး၊ ကုန်းဘောင်မင်းဆက် အင်ပါယာ ချဲ့ထွင်ရင်းနဲ့ သိမ်းခဲ့တဲ့ နေရာများမှ တစ်ခုသောနေရာသာ ဖြစ်တယ်။ အဲ့သလို ပဒေသရာဇ်လက်နက်နိုင်ငံတော် ဘဝက သိမ်းပိုက်ခဲ့တဲ့ နေရာတွေတိုင်းသာ ခုမပိုင်တော့လို့ အငြင်းပွား ကန့်ကွက်နေရမယ်ဆိုရင် ကော့ဘဇာ၊ အာသံ၊ မဏိပူ၊ ဇင်းမယ်၊ အယုဒယ စတဲ့ အဆက်ဆက် နယ်ချဲ့ သိမ်းပိုက်ခဲ့ဖူးတဲ့ နေရာတွေ အားလုံး အတွက်ပါ ကန့်ကွက်ရမလို၊ မပိုင်တော့လို ဒေါသ ဖြစ်ရတော့မလို ဖြစ်နေတယ်။ တရုတ်က ပုဂံကို သူတို့ လက်လွှတ်လိုက်ရပါတယ် ပြောရင် အဓိပ္ပာယ်မဲ့သလို ခု စိန့်မာတင်ကျွန်းကို ဘင်္ဂလားကို ပေးလိုက်ရလေခြင်းလို့ ကြိတ်မနိုင်၊ ခဲမရဖြစ်နေရတာ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာ ဝေဖန်၊ သုံးသပ်၊ စဉ်းစား စေချင်တယ်။
တိုင်းပြည်ကို မှန်မှန်ကန်ကန် ချစ်တတ်ကြပါစေ။
ငြိမ်းချမ်းအေး
၁၇၊ မတ်၊ ၂၀၁၂
4 comments:
ဒီဖောင့်နဲ့ကျ အားလုံးဖတ်လို့ရတာမို့ ခြေဆန့်မွှေနှောက်သွားတယ်
မောင်လင်းဦးရေ။
ဒီပို့စ်လေးကနေ မြန်မာပြည်နဲ့ပတ်သက်တဲ့သမိုင်းတချို့
ပြန်လည်ပြီးသိလိုက်ရလို့ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အြေးမပါစကေယွ်။
မတ္တောဖြင့်
အန်တီတင့်
ဒီအကြောင်းကိုသတင်းသသေချောချာစောင့်ဖတ်ဖြစ်တယ်
မှန်၏ မှား၏ဆိုတာ ကျန်ွတော်ကိုယ်တိုင်လည်း သချောမခွဲခြားတတ်ခဲ့ဖူး
ဒါပမေယ့် အရင်တုန်းကမသိခဲ့တာတကွေို အခုသိလိုက်ရတယ်
ကျေးဇူးပါ ကိုလင်းဦး
တော္တော္တော့ ဦးနှောက်စားတဲ့ကိစ္စပဲ။ ဒါနဲ့ကိုလင်းဦးရေ-ရေးသူက သူ့ရဲ့စာကိုးတဘွေယ်ကယူတယ်ဆိုတာလေးများ မဖော်ပြထားဘူးလားခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းဖြစ်နတေော့ မှန်တာမှန်တာတစ်ပိုင်း၊ အထောက်အထားပြတာက တစ်ပိုင်းမဟုတ်လား။ ကျန်ွတော်တို့လည်း အဲဒီလိုပဲ လက်ခံချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပငွ့်ပငွ့်လင်းလင်းပြောရရင် အလုပ်ထဲမှာ ဘကုန်းတနွေဲ့တွဲလုပ်နရေတာကိုး။ ဖတ္ရတာတော့ တော္တော္ဗဟုသုတတိုးသြားပါတယ္။ ကၽနြ္တော္စိတ္ဝင္စားမိပါတယ္။
I would like to suggest to translate this article .if you like it from Geopolitical point of view about Rohingya Problem.Kindly Read http://stopimperialism.org/articles/a-new-front-myanmars-role-in-the-geopolitics-of-empire/
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)