ကျွန်ုပ်သည် ၁၂၉၂ ခုနှစ်မှစ၍ မြန်မာဘုရင်မင်းမြတ်လက်ထက် “နော်ရထာကျော်ထင်”ဘွဲ့ရ လွှတ်တော်စာရေးတော်ကြီး ရာထူး၊ အင်္ဂလိပ်အစိုးရလက်ထက် ကျက်သရေဆောင် ရွှေစလွယ်နှင့် အမှုထမ်းကောင်းတံဆိပ်ရ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးမှ “မဟာဝိဇ္ဇာ”ဘွဲ့ထူးအပ်နှင်းခြင်းခံရသူ ပုဂံဝန်ထောက်မင်း ဦးတင်အား ကြိုကြားကြိုကြား ပါဠိဘာသာပြန်ဆရာတစ်ဦးဖြစ်ရာ အားလပ်သော အခါများ၌ ကျွန်ုပ်ကိုယ်တိုင်ကလည်း ဦးတင်၏ထံတွင် မြန်မာရေးထုံး၊ ထီးသုံး၊ နန်းသုံး၊ လွှတ်တော် အမှတ်အသားမှ စ၍ ပျို့၊ ကဗျာ၊ လင်္ကာများကို သင်ကြားဆည်းပူးခဲ့သဖြင့် ဦးတင်မှာ ကျွန်ုပ်၏ “မြန်မာစာပြဆရာ” ဖြစ်ပေသည်။
ထိုစဉ်အခါ ဦးတင်သည် ကျွန်ုပ်အား သားရင်းတမျှ ခင်မင်ကြင်နာ သင်ကြားပေးရုံမက မိမိပိုင် ပေစာ၊ ပုရပိုက်များနှင့် လွှတ်တော်အမှတ်အသား စသော လက်ရေးစာ ပုံနှိပ်ကျမ်းစာပေါင်း ၂၀၀ ကျော်ကို သဘောရှိ ကူးယူခွင့်ပြုကာ အပ်နှင်းထားသည့်ပြင် နားမလည်သော အချက်တို့ကိုလည်း စိတ်ရှည်စွာ အပင်ပန်းခံ၍ ရှင်းလင်းပြသသောကြောင့် ယခုထက်တိုင် ကျေးဇူးတင်၍ မဆုံးနိုင်အောင် ရှိပါသည်။ ဦးတင်မှာ ကင်းဝန်မင်းကြီး၏ တပည့်ရင်းဖြစ်ရာ ကင်းဝန်မင်းကြီးနှင့် ယောမြို့စား ဗိုလ်မှူး ဝန်ကြီး ဦးပုကြိးတို့၏ စုဆောင်းကောက်နှုတ်ထားသော ခွဲထားကျော်ကျမ်းကို လက်ကိုင်ရရှိထားသဖြင့် ၎င်းမူကိုပါ အပ်နှင်းပြီး ကျွန်ုပ်အား ခက်ဆစ် ဂဏ္ဍိ အရေးခိုင်းသောကြောင့် ၁၂၉၄ ခုနှစ်က ကျွန်ုပ်သည် ဦးတင်၏ အိမ်၌နေ၍ ဦးတင်နှင့် တိုင်ပင်ကာ (ခွဲထားကျော် ဂဏ္ဍိကျမ်းကြီး)ကို ရေးခဲ့ပေသည်။ ထိုကျမ်းကို ယခု ပုံမနှိပ်ရသေးပေ။
တစ်နေ့သောအခါ “နားခံ” ခွဲထားနှင့် စပ်လျဉ်း၍ “စစ်ကဲ၊ နားခံ၊ လွှတ်နားခံ၊ နားခံမျိုး အမြွက်” ဟူသော သတ်ထူးကဗျာကို အဓိပ္ပါယ် မရှင်းလင်းသဖြင့် မေးမြန်းရာမှ အင်္ဂလိပ်အစိုးရမင်းတို့ လက်ထက်က ကွယ်ပျောက်၍နေသော နားခံတော် ရာထူးအကြောင်း ရောက်သွားရာ ဤဝတ္ထု၌ပါသော အတိုင်း မိမိကိုယ်တိုင်တွေ့မြင်ရပုံ ပြောပြသဖြင့် သေချာစွာမှတ်သား ရေးယူထားလိုက်ပါသည်။
ကျွန်ုပ်မှာ မြန်မာစာပေကို အားပေးလိုသော ဝတ္ထုရေးဆရာတစ်ယောက်ဖြစ်သည့်အတိုင်း ထူးခြားသော နားခံတော် ရာထူးကို အကြောင်းပြုကာ ဝတ္ထုတစ်ပုဒ်ရေးသားရလျှင် စာပေ ပရိယတ္တိ လိုက်စားသူတို့အတွက် အကျိုးများလိမ့်မည်ဟု ထင်မှတ်မိသဖြင့် သူရိယမဂ္ဂဇင်း၏ ဦးစီးနာယက တည်းဖြတ်သူ ဦးသိမ်းမောင်နှင့် တိုင်ပင်ကြည့်ရာ ဦးသိမ်းမောင်ကိုယ်တိုင်က ထပ်မံတိုက်တွန်း ပြန်သောကြောင့် ဤ “နားခံတော်”ဝတ္ထုကို ရေးသားပြီး သူရိယသတင်းစာတိုက်သို့ မူပိုင် ရောင်းချလိုက်ပေသည်။
နားခံတော်ဝတ္ထုမှာ ရှေးအခါ ပူတကေခေါ် ပေါ်တူဂီလူမျိုးများနှင့် ဇာတ်လမ်းခင်ကျင်းထားသဖြင့် မူလက (ပူတကေနှင့် နားခံတော်ဝတ္ထု)ဟု အမည်ပေးခဲ့လေသည်။ သို့ရာတွင် ယခုအခါ ခေါ်ဝေါ် လွယ်ကူစေရန် “ဝါစာသိလိဌသုခစ္စာရဏ” အကျိုးငှာ ပူတကေဟူသော ပုဒ်ကို ဖြုတ်ပြီး “နားခံတော်” ဝတ္ထုဟု မှည့်ခေါ်လိုက်ပေသည်။ (ဤဝတ္ထုကို ၁၂၉၄ ခုနှစ် နယုတ်လဆုတ် ၁ ရက်နေ့ထုတ် သူရိယ ရုပ်စုံ သတင်းစာ တတိယတွဲ၊ အမှတ် ၃၂ မှစ၍ အပတ်စဉ် လစဉ် ဆုံးသည့်တိုင်အောင် ဖော်ပြခဲ့လေသည်။)
ထို့နောက် ကျွန်ုပ်တို့၏ ကျေးဇူးရှင်ဆရာ မန္တလေးမြို့၊ မစိုးရိမ်တိုက် သဒ္ဒတ္ထရတနာဝလိ မဟာပါဠိ အဘိဓါန်ကျမ်းပြု၊ အဂ္ဂမဟာပဏ္ဍိတ၊ ပထမကျော် ဆရာတော်ဦးဉာဏ၏ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သော ရန်ကုန်တက္ကသိုလ်ကျောင်းတော် အရှေ့နိုင်ငံ ပညာရပ်များဆိုင်ရာ ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က ဤဝတ္ထုမှာ ဝတ္ထုသာမန်မဟုတ်ဘဲ ဦးတင်၏ ရာဇဝင်မှတ်စုတို့ဖြင့် လေးနက်စွာ ရေးထားခြင်း၊ မြန်မာစာပေကို အားပေးမြှင့်တင်ခြင်း၊ ရာဇဝင်နှင့် တိုက်ဆိုင်၍ နေ့ရက် အချိန်ပါ ညီညွတ်အောင်ရေးထားခြင်း၊ ဝတ္ထုဇာတ်လမ်းခင်းကျင်းပုံ ဆန်းကျယ်ခြင်း စသော အချက်တို့နှင့် ပြည့်နှက်နေသည့်အပြင် မြန်မာဝတ္ထုအတန်းအစားကိုလည်း မြှင့်တင်၍ထားသောကြောင့် စာအုပ်တစ်အုပ် ဖြစ်မြောက်စေရန် ဆရာကြီးကပင် စီမံပေးပါမည့်အကြောင်းနှင့် တောင်းပန်လေရာ ဆရာကြီးမှာ မြန်မာစာပေကို အားပေးလိုသော မဟာဇ္ဈာသယရှိသည့်အတိုင်း မိမိပါဝင်သော “မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေးအသင်း”သို့ အပ်နှံကာ ပုံနှိပ်စေပါကြောင်း။
မူလဝတ္ထုရေးစဉ် တိုင်းပြည်လုံးကြိုက်ဖြစ်စေရန် ခေတ်ဆန်သော အသွားတို့ဖြင့် အခြားသော ဝတ္ထုများနည်းအတိုင်း အချို့နေရာတွင် လိုသည်ထက် ပိုမိုစွာ သိုင်းဝိုင်းချဲ့ထွင်ထားသော အချက်များ ပါရှိလေရာ ပါမောက္ခဆရာကြီးက အရေးမကြီးသောအချက်များကို ပယ်ဖျက်လျက် မှတ်ချက်အဖြစ်ဖြင့် အသုံးပြုတန်သည်ကို အောက်ဘက်ဆွဲချပြီး ကျနစွာ သုတ်သင်တည်းဖြတ်ထားသဖြင့် ဖတ်ရှုသူတို့အဖို့ ပိုမို၍ ရှင်းလင်းသွားပေသည်။
ဤဝတ္ထုပါ ရာဇဝင်ဗဟုသုတတို့မှာ ဦးတင်၏ မှတ်သားချက်များနှင့် ကျွန်ုပ်၏ ချွေးနဲစာ မှတ်စုများ ဖြစ်သည့်ပြင် ပြင်ဆင်သောအခါ၌လည်း ပါမောက္ခဆရာကြီးကိုယ်တိုင် တစ်နှစ်ကျော်ကျော် သေချာစွာ ဖတ်ရှုပြီးမှ တည်းဖြတ်သုံးသပ်ထားသဖြင့် ဝတ္ထုသာမည သဘောမထားဘဲ ရာဇဝင်မှတ်စုသင်ခန်းစာ တစ်ခုကဲ့သို့ သဘောပိုက်ပြီး ဖတ်ရှုသင့်ကြပေသတည်း။
စိုးမြင့် (ရွှေစကြာ)
ခွဲထားကျော်၊ ဂဏ္ဍိကျမ်းဆရာ
ခွဲထားကျော်၊ ဂဏ္ဍိကျမ်းဆရာ
ရန်ကုန်မြို့။
၁၂၉၇ ခုနှစ်၊ ပြာသိုလဆုတ် ၁၄ ရက်။
၁၂၉၇ ခုနှစ်၊ ပြာသိုလဆုတ် ၁၄ ရက်။
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)