ဒီတစ်ခေါက်တော့ ကျွန်တော်ရဲ့ မွေးရပ်ဇာတိသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ မိဘနဲ့ မောင်နှမသားချင်းတွေကို တွေ့ချင်တာအပြင် အေးအေးဆေးဆေး စာရေးချင်တာရယ်၊ အချက်အလက်တွေ စုချင်တာတွေရယ်ကြောင့်လည်း ပါပါတယ်။ ကျွန်တော်နေတဲ့ ပြည်မြို့မရောက်ခင် ပြည်-ရန်ကုန် ကားလမ်းမဘေးမှာ ဆင်မကြပ်၊ ပေါက်ကုန်း၊ မအူရွာဆိုတဲ့ ရွာလေးတွေ ရှိပါတယ်။ ဒီရွာတွေထဲမှာ ဟိုးအရင်ကတည်းက ခင်မင်ရသူ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ သို့သော် အခုချိန်မှာတော့ သူတို့လည်း ဘယ်ရောက် ဘယ်လို လုပ်ကိုင် စားသောက်နေသလဲတော့ ကျွန်တော် မသိတော့ပါ။ တော်တော်များများရဲ့ ရုပ်တွေကိုလည်း မမှတ်မိတော့တာလည်း ပါပါတယ်။
မအူရွာ၊ ပေါက်ကုန်းလို့ခေါ်တဲ့ ရွာတွေရဲ့ အနောက်ဘက်က တောင်တွေမှာ ကျွန်တော့်ဦးလေးရဲ့ စိုက်ပျိုးရေးခြံတွေ ရှိပါတယ်။ သရက်၊ မာကလာ၊ ကတွတ်၊ ငှက်ပျောများ စိုက်ပါတယ်။ ရွာထဲကလူတွေကလည်း တောင်ပေါ်ကခြံတွေမှာ စိုက်ပျိုးစားသောက်ကြတာ များတယ်။
ပြည်ရောက်မှတော့ ဦလေးနဲ့အတူ ပေါက်ကုန်းရွာထဲကို သွားဦးမှပဲဆိုပြီး ရောက်ခဲ့တယ်။ ဦးလေးနဲ့ အသိ တစ်ချို့နဲ့အတူ စကားဝိုင်းလေးဖြစ်ခဲ့ပြီး၊ ဒီရွာနားက ဘုရားတစ်ဆူအကြောင်း ရောက်သွားတယ်။ ကျွန်တော်စိတ်ဝင်စားသွားတယ်။ ကျွန်တော် ဒီဘုရားရှိတာတော့ ငယ်ငယ်လေးကတည်းက သိခဲ့ကြားခဲ့ဖူးပေမယ့် တစ်ခါမှ မရောက်ဖြစ်ခဲ့ပါ။ အဲ့စဉ်ကတည်းက ဘုရားအား ရှာဖွေတွေ့ရှိပြီး ပြုပြင်ရန် လုပ်နေတယ်လို့ပဲ သိခဲ့ဖူးတယ်။ အခုတော့ တကယ့်ကို အဖြစ်အပျက် အပြည့်အစုံနဲ့ကို ကြံုဆုံပါတော့တယ်။
ဒီစေတီဘုရားကို ရှာဖွေ တွေ့ရှိရတဲ့ အကြောင်းမှာ သတင်းဆိုးနဲ့အတူ လူအများ စိတ်ဝင်စားလာလို့ပဲ ဖြစ်ပါတယ်။ လူသူအရောက်အပေါက်နည်းပြီး ရထားလမ်း (ပြည်-ရွှေတောင် ရထားလမ်းဟောင်း) ဘေး တောထဲမှာ ရှိနေတာလည်းဖြစ်ပါတယ်။ ဦးကျော်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ ဒီဘုရားဌာပနာတွေကို ဖောက်ထွင်းခဲ့ပြီး၊ ရှေး ခဲဘုရားများသာ ထားခဲ့ပါတယ်။ ဦးကျော်ဆန်းတို့ မိသားစု တစ်စုလုံး မြွေကိုက်ခံရကာ သေဆုံးခဲ့ပြီး သတင်းကြီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ တကယ်ဖြစ်ပျက်ခဲ့တာပါ။ အဲ့နောက်မှာတော့ စေတီဘုရားအား သွားရောက်ဖူးမြော်ကြပြီး တွေ့ရှိသမျှ ခဲဘုရားများ၊ ဘုရားဆင်းတုတော်များကို ပေါက်ကုန်းဘုန်းကြီးကျောင်းသို့ ပင့်ဆောင် ပူဇော်ကြတယ်။ ရှင်ဘုရင်ဉာဏ်မစဲ စေတီဘုရားအား ပြန်လည်ပြုပြင်ရန် အဖွဲ့တွေ ဖွဲ့ခဲ့ကြပါတယ်။
ရသေ့တစ်ပါးရောက်လာပြီး ဘယ်လိုပုံစံမျိုး အစကဖြစ်ကြောင်း၊ ဒီစေတီအား သေချာစွာပြုပြင်ရန် နမောဓါတ်ရ၍ ရောက်လာကြောင်းပြောပြီး စေတီဘုရားနားမှာ ကျောင်းဆောက် သတင်းသုံးတော် မူပါတယ်။ ဒီနောက်ပိုင်းမှာ ရထားလမ်းဟောင်းကို အသုံးမပြုတော့ပဲ မြို့ရှောင်လမ်းကို သေချာစွာ ဖောက်လုပ်ခဲ့ကာ စေတီဘုရားဟာ မြို့ရှောင်လမ်းရဲ့ လမ်းဘေး တည်နေတော်မူပါတယ်။ ခါကြီး ရက်ကြီးတိုင်း အနီးပတ်ဝန်းကျင်ရွာများ၊ ဘုရားဖူးဧည့်သည်များမှ ဆီမီးများ လာထွန်းခြင်း၊ ဓမ္မစကြာ ရွတ်ခြင်းများ ပြုလုပ်လေ့ရှိပြီး တရားသံများဖြင့် ငြိမ်းချမ်းရာနေရာအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။
ပြည်မြို့ဟာ တိုင်းခွဲတစ်ခုအဖြစ် ရပ်တည်လာခဲ့ပြီး အုပ်ချုပ်သူတွေလည်း ပြောင်းလဲခဲ့ပါတယ်။ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)က နယ်မြေတာဝန်ကို ယူလာခဲ့တယ်။ ဒကစမှ အလှူငွေများကို မိမိတို့မှ ထိန်းသိမ်းမည်ဖြစ်ကြောင်းပြောပြီး ငွေများ လွှဲယူခဲ့ပါတယ်။ ထို့ပြင် ဆေးကုခြင်းများ ပြုလုပ်ခြင်းမှာ သာသနာနှင့် မကိုက်ညီကြောင်း ပြောပြီး ဆေးကုသသော ရသေ့အား မောင်းထုတ်ခဲ့ပါတယ်။ ရွာခံ သက်သေများ အားလုံးရှိကြပါတယ်။ ရသေ့ဟာ ဆေးကုပြီး ဘုရားရန်ပုံငွေထဲသို့သာ ထည့်ကြောင်း ပြောကြပါတယ်။ ရသေ့ အခြားသို့ ကြွမြန်းသွားချိန်မှာတော့ တစ်ခုခု အလှူရှိတိုင်း ဒကစ သို့ တင်ပြကြရ ပါတော့တယ်။ သိပ်မကြာလိုက်ပါ၊ တောမီးလောင်ပြီး သာသနိက အဆောက်အဦများ မီးဘေးသင့် ခံခဲ့ရပါတယ်။ ပေါက်ကုန်းဘုန်းကြီးနှင့် ဒကစ မှ တာဝန်ရှိသူ ပုဂ္ဂိုလ်များမှ စေတီဘုရားအား ဆက်လက် ပြုပြင်ခြင်း မရှိတော့ဘဲ၊ အလှူခံအဖွဲ့များအားလည်း ဖျက်သိမ်းခဲ့ပါတယ်။
ကျွန်တော်လည်း ရွာခံလူများနှင့်အတူ ရှင်ဘုရင် ဉာဏ်မစဲ စေတီဘုရားသို့ သွားရောက်ခဲ့ပါတယ်။ ခြံုပုတ်များ ထပ်နေပြီး တော်တော်လေးကို ယိုယွင်း ပျက်စီးနေပါပြီ။ စေတီမှာ ယိုယွင်း ပျက်စီးကာ မူလပုံစံပင် မရှိတော့ပေ။ ဘုရားဆင်းတုတော်များမှာ ဘုရားပုံစံပင် မရှိတော့ပါ။ ဖောက်ထွင်းခဲ့သော အပေါက်မှာ လူတစ်ယောက်စာ ဝင်နိုင်ပြီး အထဲတွင်လည်း တူးဖော်ထားသည်ကို တွေ့ရှိရပါတယ်။ စာရေးသူကျွန်တော်က ဤဘုရား ကမ္ဗည်းကျောက်စာအား တွေ့လိုကြောင်း ပြောသောအခါ၊ မည်သူမျှ မလာဘဲ ပစ်ထားတာကြာပြီးဖြစ်လို့ ကျောက်စာများကို နွားကျောင်းသားများ၊ တောခြံသို့ သွားသော ကလေးများ ယူဆော့ကြကြောင်း၊ ထို့နောက် မတွေ့ရှိတော့ကြောင်း၊ ရွာခံလူကြီးမှ သူဖတ်မိသည်မှာ အေဒီ ရ ရာစု လို့ ဖတ်မိမှတ်မိကြောင်း ပြောပါတယ်။ မိမိတို့ ရပ်မိရပ်ဖ ရွာလူကြီးများမှ စေတီဘုရားအား သန့်ရှင်းရေးလုပ်လျှင်သော် လည်းကောင်း၊ ဆီမီးထွန်းသည်သော်လည်းကောင်း၊ ပြုလုပ်လိုလျှင် ဒကစ အား တင်ပြနေရ၍ နောက်ပိုင်း မည်သူမျှ မလုပ်တော့ကြောင်း ပြောပါတယ်။ မိမိမှာ စိတ်မကောင်း ဖြစ်ရပါတယ်။ သေချာ ထိန်းသိမ်းအပ်သော၊ စောင့်ရှောက်အပ်သော အရာများကို စွန့်ပစ်ထားကြသည်မှာ မဖြစ်သင့်ပါ။ သက်ဆိုင်ရာ လူကြီးများမှ ဦးဆောင်၍ ထိန်းသိမ်းစောင့်ရှောက် ပြုပြင်သင့်ပါတယ်။
ရုပ်လုံးမပေါ်တော့သော ရှင်ဘုရင် ဉာဏ်မစဲ |
ရုပ်လုံးမပေါ်တော့သော ရှင်ဘုရင် ဉာဏ်မစဲ |
တူးဖော် ဖောက်ထွင်းခဲ့သောနေရာ |
တွေ့ရသော အုပ်ချပ်များ |
ဤပုံစံတူ ခဲဘုရားများစွာကို ပေါက်ကုန်းဘုန်းကြီးကျောင်းတွင် ပင့်ဆောင်ထား |
ဘုရားဆင်းတုတော်များ |
တောင်ပေါ် တက်တက်ချင်း မြင်ရသော ရုပ်ပွားတော် |
တောင်ပေါ် တက်တက်ချင်း မြင်ရသော ရုပ်ပွားတော် |
မြက်တောဖုံးလွှမ်းနေသော ဘုရားဆင်းတုတော် |
စေတီရှိရာ တောင်ကုန်းပေါ်မှ မြို့ရှောင်လမ်းအား မြင်တွေ့ရပုံ |
ယခုအခါ ပေါက်ကုန်ဘုန်းကြီးမှ ယင်းစေတီဘုရား အလှူငွေများအား မိမိရွာကျောင်းရှိ ရွာစေတီဘုရားအား လက်ရှိထက် ဉာဏ်တော် မြင့်သော စေတီအဖြစ် တည်ရန် စကားဆိုပါတယ်။ သို့သော် ရွာလူကြီးများ၊ ကုသိုလ်ရှင်များမှ လက်မခံပါ။ မိမိတို့ လှူသည်မှာ “ရှင်ဘုရင် ဉာဏ်မစဲ”စေတီဘုရားအတွက်သာလျှင် ဖြစ်ကြောင်း ပြောကာ ပေါက်ကုန်းဘုန်းကြီးအား ကန့်ကွက်ခဲ့ပါတယ်။ ထို့ကြောင့် ယခုထိ ရှင်ဘုရင်ဉာဏ်မစဲ စေတီဘုရားအတွက် အလှူငွေများမှာ ရှိနေသေးပါတယ်။
စာဖတ်သူများ သွားရောက်လိုပါလျှင် ပြည်မြို့အဝင် ဆင်မကြပ်တွင် မြို့ရှောင်လမ်းဟု လမ်းခွဲထွက်ကာ ပြည်မြို့သစ်သို့ သွားပါတယ်။ Express ကားများလည်း ၎င်းလမ်းမှသာလျှင် သွားပါတယ်။ ဆင်မကြပ်လမ်းခွဲနားတွင် ခြံုပုတ်အပြည့် ဖုံးလွှမ်းသွားသော “ရှင်ဘုရင်ဉာဏ်မစဲ” ဘုရားကို ဖူးမြော် တွေ့မြင်နိုင်ပါတယ်။
လင်းဦး(စိတ်ပညာ)
2 comments:
အကိုလင္းဦးရေ စာတေဓြာတ္ပုံတေတြဝၾကီးၾကည့္သြားပါတယ္
ကေ်းဇူးတင္ပါတယ္
ၿမက္တြေ ဖုံးလမြ္းနေတဲ႕ စေတီတော္တြေ ဘယ္လောက္တောင္ များနပေါလိမ့်..လို့ တြေးမိတယ္အကို
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)