Blog တွေ ပြန်လည်အသက်ဝင်လာတာ ၀မ်းသာစရာပါ။ ကျွန်တော် ပြီးခဲ့တဲ့နှစ်က အမှတ်တရအနေနဲ့
ဖြတ်သန်းခဲ့သမျှ Blogger သမိုင်းဆိုပြီး ရေးခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ မြန်မာပြည်ရဲ့ ခေတ်ဦး Blog တွေနဲ့ ဆက်လက် မွေးဖွားလူတဲ့ Blogger တွေကို တန်းစီ ရေးခဲ့တာပါ၊
ဘလောဂ့်ရေးတာမှာ အမှတ်တရတွေအဖြစ်နဲ့တော့ မြန်မာစကား ဖောင့်အတွေ့အကြုံတွေ ရခဲ့တယ်၊ ၀င်းအင်းဝ စသဖြင့် ဖောင့်တွေနဲ့ ရေးခဲ့ဖူးသလို ဇော်ဂျီဖောင့်နဲ့အသားကျ သဘောကျခဲ့တယ်။ နောက်ဆုံး ဒီဘက်ပိုင်းမှာ ဖောင့်တိုက်ပွဲတွေ ပိုပြင်းထန်ခဲ့ကြတယ်၊ မြန်မာယူနီကုတ် မသုံးရင်ဘဲ တစ်ခုခု လုပ်တော့မလိုလို စကားမျိုးတွေ ပေါ်ထွက်ခဲ့တယ်။ အဲ့စကားဟာ ဇော်ဂျီဖောင့် သုံးသူ ဘလောဂ်ဂါတွေအပေါ် တိုက်ရိုက်ပြောနေသလိုမျိုး ဖြစ်ခဲ့တယ်၊
ဒုတိယအနေနဲ့ကတော့ Ethic နဲ့ Copy right နဲ့ပတ်သက်ပြီး ထားရှိရမယ့် စံတွေ။ သဘောတရားတွေ ပိုနားလည်လာတယ်၊ အခုအချိန်နဲ့ နှိုင်းယှဥ်မယ်ဆိုရင်တော့ ဘလောဂ်တွေဆီကနေ ကူးယူကြတဲ့ ပရင့်မီဒီယာတွေက သူတို့ပဲရေးသလိုလို လုပ်ပြီး ယူသုံးတာတွေရှိလာတယ်။ ဒါတွေက ပြောင်းပြန်ဖြစ်လာတဲ့ သဘောပဲ။
နောက်တစ်ခုကတော့ နိုင်ငံရေးတွေမှာ ဘလော့ဂ်ဂါတွေ အမှန်တရားဘက်ကနေ မပါမဖြစ် ရပ်တည်ခဲ့ကြတယ်။ ဒါ့အပြင် ခေတ်စနစ်ဆိုးရဲ့ ဖိအားအောက်မှာ ဘလော့ဂ်ဂါတွေဟာ အတင်းတိုက်ထုတ် နည်းအမျိုးမျိုးနဲ့ ကျော်သုံးပြီး ဖြန့်ဝေခဲ့ကြသူတွေဖြစ်တယ်၊ ဘာကိုပြောချင်တာလဲ ဆိုတော့ ခေတ်စနစ်ဆိုးအောက်ကနေ ကိုယ်ဝါသနာပါရာကို မရမက ရေးကြ ပြောခဲ့ကြသူတွေဖြစ်တယ်၊ အီးမေးလ်ပို့၊ဘလော့ဂ်ရေးတာကို ထောင်ချခဲ့တာတွေ၊ အဲ့အချိန်က Gmail နဲ့ Blog Dashboard တွေကို ကျော်ဝင်ရတယ်ဆိုရင် ဒီဘက်လူတွေအတွက် အထူးအဆန်း များ ဖြစ်နေမလားဘဲ။ပြောရရင် Proxy မကျော်တတ်ရင် ဘလော့ဂ်ဂါမဖြစ်ဆိုတာပါပဲ၊ တကယ် လွမ်းဆွတ်စရာ အချိန်တွေပါ။
အဲ့ကနေတစ်ဆင့် ကျွန်တော်တို့လို နည်းပညာနယ်ပယ်ကို ထဲထဲဝင်ဝင် ဖြစ်စေဖို့ တွန်းအားတစ်ခုက html, CSS တွေကို ပိုရင်းနှီးစေတာပါ၊ Wordpress , Joomla လိုမျိုး တကယ့် platform တွေနဲ့ ရင်းနှီးခဲ့ရပါတယ်၊ လေ့လာခဲ့ရပါတယ်၊
ပြီးတော့ ဒီကနေပဲ ပရင့်မီဒီယာမှာ အောင်မြင်ကြတဲ့သူတွေအဖြစ် ရပ်တည်နေနိုင်ခဲ့ကြ သူတွေ ဖြစ်လာတဲ့သူတွေလည်း ရှိလာတဲ့အပြင်၊ ပရင့်မီဒီယာကနေ ဘလော့ဂ်တွေ ရေးဖြစ် လာကြာတာတွေလည်း ရှိလာပါတယ်၊
နောက်တစ်ခုကတော့ တကယ့်ကို မိသားစုသဖွယ် ခင်မင်းရင်းနှီးမှုတွေပါ၊ ကိုယ့်အိမ်၊ သူ့့အိမ်ဆိုတဲ့ ခံစားမှှုတွေနဲ့အတူ လိုက်လံလည်ပတ် ဖတ်ရှုကြတဲ့ ဓလေ့လေးပါ၊ ဒါဟာ တကယ့်ကို အွန်လိုင်းလူမှုဆက်ဆံရေးနယ်ပယ်တစ်ခုအဖြစ် ဖြစ်ထွန်းလာတာပါ၊ ပြောရရင် ဘလော့ဂ်ယဥ်ကျေးမှုတစ်ခုပါပဲ၊ ကျွန်တော်ကတော့ ဒါလေးကို ဒီအချိန်မှာ ပိုလွမ်းမိတယ်၊
အဲ့ဒါနဲ့ဆက်စပ်ပြီး ဖြစ်လာတာကတော့ Tag Game ပါပဲ၊ ကိုယ်ရေးစေချင်တဲ့သူကို တဂ်ပြီး ပြောဆိုဆွေးနွေးရေးသားစေတဲ့ ဓလေ့လေးပါ၊ ဒါဟာလည်း နွေးထွေးမှုကို ပိုပြီးဖြစ်စေပါတယ်။
ကိုယ်ကျွမ်းကျင်ရာနယ်ပယ်ကနေ မျှဝေခဲ့ကြသလို သူများရဲ့နယ်ပယ်အတွေ့အကြုံတွေကိုလည်း ရရှိခံစား လေ့လာနိုင်တဲ့ နေရာလေးဆိုရင်လည်း မမှားပါဘူး၊
ပြီးခဲ့တဲ့ နှစ်က ဒီလိုချိန် ရန်ကုန် Myanmar Blogger Day ဟောပြောပွဲမှာ ယနေ့ခေတ် ဆိုရှယ်နက်ဝက်နှင့် အန္တရာယ်ဆိုတဲ့ ခေါင်းစဥ်နဲက ဟောပြောဆွေးနွေးဖြစ်ခဲ့ပါတယ်၊
ဒါတွေက ဖြတ်သန်းခဲ့တာတွေထဲက ဖြတ်သန်းမှုအတွေ့အကြုံကနေ ရလာတဲ့ ဖြစ်ပျက်ခဲ့မှုတွေအပေါ် အမှတ်ရမိနေတာလေးတွေပါ၊ ဒီအစပျိုးမှုကနေ ၊ ဒီလို လွမ်းဆွတ်မှုမျိုးကနေ ဘလော့ဂ်တွေ ပြန်လည်သက်ဝင်အောင် ဆက်လက်ရေးသားကြပါဦးလို့ တိုက်တွန်းအပ်ပါတယ်၊
လင်းဦး(စိတ်ပညာ)